top of page

အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း

(၂၀၃၀) ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမိုျးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (National Electrification Project- NEP) ကို ကမ္ဘာ့ဘဏ်အုပ်စုအကူအညီဖြင့် ၂၀၁၃ ခုနှစ်၊ မေလမှ စတင် ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် အတည်ပြုချက်ရယူခဲ့သည်။ ၂၀၁၆ ခုနှစ် ၊ မေလတွင် စီမံကိန်းကို စတင်အသက်သွင်းခဲ့ကာ ပထမ (၅) နှစ် စီမံကိန်း၏ စီမံကိန်း ပထမနှစ်ကို ယခု (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ဆောင်ရွက်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိလျှပ်စစ်မီးရရှိမှုအပေါ်အခြေခံ၍ လမ်းပြမြေပုံရေးဆွဲ ထားပြီး ၂၀၂၀ ခုနှစ်တွင် ၅၀%၊ ၂၀၂၅ ခုနှစ်တွင် ၇၅% လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ NEP စီမံကိန်းကို မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ ဆောင်ရွက်ခြင်း (Grid Extension) နှင့် မဟာဓာတ်အားလိုင်းပြင်ပစနစ်ဖြင့် လျှပ်စစ် ဓာတ်အားရရှိရေးဆောင်ရွက်ခြင်း (Off-grid Electrification System) ဟူ၍ နည်းလမ်း (၂) သွယ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ပထမ (၅)နှစ်စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ အတိုးနည်းချေးငွေ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ခွင့်ပြုချက်ရရှိခဲ့ပြီး မဟာဓာတ်အားလိုင်းတိုးချဲ့ဆောင်ရွက်ခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း (၃၀၀)၊  နည်းပညာအကူအညီပေးရေးအတွက် (၁၀) သန်းဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဓာတ်အားလိုင်း ပြင်ပစနစ်ကို စိုက်ပိုျးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဟုသိရှိရသည်။ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဒေါ်လာသန်း (၈၀)နှင့် နည်းပညာအကူအညီ ပေးရေးအတွက် (၁၀) သန်းသုံးစွဲဆောင်ရွက်မည် ဖြစ်သည်။

 

ရည်ရွယ်ချက်

မဟာဓာတ်အားလိုင်းပြင်ပစနစ်လျှပ်စစ်ဓာတ်အားရရှိရေးကို မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားရရှိမှု ပိုမိုမြင့်မားလာစေရန်၊ မဟာဓာတ်အားလိုင်းနှင့် အလှမ်းဝေးကွာသော ကျေးရွာများ၏ မီးလင်းရေးစနစ်အား အကြိုလျှပ်စစ်မီးရရှိရေး (Pre- electrification System) ဆောင်ရွက်ရန်၊ ပြည်သူအခိုျးကျထည့်ဝင်သည့်စနစ်ဖြင့် ပိုမိုကောင်းမွန်သည့် လျှပ်စစ်မီးလင်းရေးဆောင်ရွက်ရန်၊ အစိုးရ၊ ပြည်သူလူထုနှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

စီမံကိန်းဧရိယာရွေးခြယ်ခြင်း

မဟာဓာတ်အားလိုင်းပြင်ပစနစ်ဖြင့် မီးလင်းရေးဆောင်ရွက်ရန် စီမံကိန်းဒေသများ ရွေးချယ်ရာတွင် ပထဝီအနေအထားအရ ကုန်ကျစရိတ်အနည်းဆုံးနှင့် နောင်လာမည့် (၁၀) နှစ်၊ (၁၅) နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ မီးမရနိုင်သည့်ဒေသများ၊ ဝေးလံခေါင်ဖျား ဒေသများမှ ကျေးရွာများအား အိမ်ခြေ၊ လူနေထူထပ်မှုစသည်တို့အပေါ် မူတည်၍ ဦးစားပေး အဆင့်လိုက် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး NEP စီမံကိန်း၏ မဟာဓာတ်အားလိုင်းစနစ်ဖြင့် ဆောင်ရွက်မည့် ကျေးရွာစာရင်းတွင်ပါဝင်သည့် ကျေးရွာမဖြစ်စေရန်၊ ယခင်က ကျေးလက် ဦးစီးရန်ပုံငွေဖြင့် မီးလင်းရေးဆောင်ရွက်ခဲ့ဖူးသည့် ကျေးရွာမဖြစ်စေရန်၊ မဟာဓာတ်အား လိုင်းမှ အနည်းဆုံး (၁၁) မိုင်ကွာဝေးသည့်ကျေးရွာများဖြစ်ရန်၊ တစ်အိမ်သုံးဆိုလာစနစ် အတွက် တစ်စုံစာကုန်ကျငွေ၏ (၁၀~၂၀%) ထည့်ဝင်နိုင်သောကျေးရွာများဖြစ်ရန်၊ အသေးစားဓာတ်အားစနစ်အတွက်မူ  ကုန်ကျငွေ၏ (၂၀%) ထည့်ဝင်နိုင်သည့် ကျေးရွာများ ဖြစ်ရန်၊ ကျေးရွာမီးလင်းရေးအတွက်သာမက အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်သောကျေးရွာ၊ ကျေးရွာတွင် အနည်းဆုံး အိမ်ခြေ (၅၀) ခန့်ရှိရမည်ဖြစ်ပြီး နေအိမ်များ တစ်စုတစ်ဝေးတည်းရှိသော ကျေးရွာဖြစ်ရန်၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်သော ကျေးရွာဖြစ်ရန်နှင့် စီမံကိန်းအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ် ရရှိနိုင်သည့် ကျေးရွာဖြစ်ရန် စသည့်စံနှုန်းများဖြင့် ရွေးခြယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

အကျိုးခံစားခွင့်

အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ ကျန်းမာရေး ဆေးပေးခန်းနှင့် လမ်းမီးများအတွက်မူ စီမံကိန်းရန်ပုံငွေမှ (၁၀၀) ရာခိုင်နှုန်း ထောက်ပံ့ပေးမည်ဖြစ်သည်။

ယခု (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရခိုင်၊ ရှမ်း၊ ဧရာဝတီစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုရှိ မြို့နယ်ပေါင်း (၉၉) မြို့နယ်မှ ကျေးရွာ (၂၇၁၆) ရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်ထောင်စုပေါင်း (၁.၄) သိန်းကျော် အကိုျးခံစားခွင့်ရရှိမည်ဖြစ်သည်။ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ ပေါင်း (၂၇၀၈) ရွာ၊ အသေးစားဓာတ်အားစနစ်ဖြင့် ကျေးရွာ (၈) ရွာတို့တွင် ဆောင်ရွက်မည် ဖြစ်သည်။ တစ်အိမ်သုံးဆိုလာစနစ်တွင် အရွယ်အစားသုံးမိုျးရှိပြီး အသေးစား (၃၀ ဝပ်)၊ အလတ်စား (၄၅ ဝပ်)၊ အကြီးစား (၆၀ ဝပ်) တို့ဖြစ်ပါသည်။

ပထမ (၅) နှစ် စီမံကိန်းကာလအတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် အိမ်ခြေပေါင်း (၄၆၅၅၀၀) အိမ်၊ အသေးစားဓာတ်အားစနစ်ဖြင့် အိမ်ခြေပေါင်း (၃၅၅၀၀) အိမ်၊ အများ ပြည်သူပိုင် အဆောက်အဦး (၁၁၄၀၀) ခုနှင့် လမ်းမီးတိုင်ပေါင်း (၁၉၀၀၀)  တိုင်တို့အား ဆောင်ရွက်ရန် လျာထားပါသည်။

၂၀၁၃-၂၀၁၄ခုနှစ်မှ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်ထိ လပွတ္တာမြို့နယ်အတွင်းကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု -

  • ဆိုလာ              -               ၂၅ ရွာ၊ အကျိုးပြုအိမ်ခြေ  -  ၃၄၅၂ အိမ်

  • NEP(ဆိုလာ)    -               ၄၇ ရွာ၊ အကျိုးပြုုအိမ်ခြေ -  ၁၈၈၀ အိမ်

  • Mini Grid​         -               ၁ ရွာ၊ အကျိုးပြုအိမ်ခြေ -  ၄၀၀ အိမ်

  • မဟာဓါတ်အား  -               ၁ ရွာ၊ အကျိုးပြုအိမ်ခြေ -  ၄၂၅ အိမ်

bottom of page