
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
လပွတ္တာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
Department of Rural Development

လူထုဗဟိုပြုစီမံကိန်း(CDD)
မြန်မာ နိုင်ငံ၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ် များကို အထောက် အကူ ပြုစေရန် အတွက် ကမ္ဘာ့ဘဏ်မှ ကူညီ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ (၈၀) သန်း နှင့် နည်းပညာ ပံ့ပိုး ကူညီမှု ဖြင့် မြန်မာ နိုင်ငံ၌ လူထု ဗဟိုပြု စီမံကိန်း (Community Driven Development - CDD) ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။
ယခုအခါ စီမံကိန်း ဆောင်ရွက် အောင်မြင်မှု အပေါ် အားရ ကျေနပ်မှု ရှိသောကြောင့် ကမ္ဘာ့ဘဏ် က အမေရိကန်ဒေါ်လာ သန်း(၄၀ဝ) ကိုလည်းကောင်း၊ အီတလီအစိုးရက ယူရိုသန်း(၂၀)ကိုလည်းကောင်း အတိုးမဲ့ နှစ်ရှည် ချေးငွေအဖြစ် ရယူ၍ စီမံကိန်း တိုးချဲ့ ဆောင်ရွက်ရန် လာခဲ့ပြီး နှစ်စဉ် နိုင်ငံတော် ဘတ်ဂျက်ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် (၆)နှစ်အတွက် သန်း(၃၀)ဖြင့် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅၃၂)သန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါသည်။
စီမံကိန်းရည်ရွယ်ချက်
စီမံကိန်းရည်ရွယ်ချက်များကို အောက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
-
ရပ်ရွာက ရွေးချယ်ပေးသော ကျေးလက် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများအား ငွေကြေး ထောက်ပံ့ခြင်း၊
-
ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသခံ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးအစီအစဉ်များဖော်ထုတ်ခြင်း၊ စီမံချက်ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေခြင်း၊
-
စီမံကိန်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဒေသခံလူ့အဖွဲ့အစည်းမှ ဆင်းရဲနွမ်းပါးပြီး အထိအခိုက် မခံသောသူများ ပါဝင်နိုင်ခြင်း၊ ကျား/မ မရွေး ပါဝင်နိုင်စေခြင်း၊
စီမံကိန်းမြို့နယ်ရွေးချယ်မှုလုပ်ငန်းစဉ်
စီမံကိန်းမြို့နယ်များ ရွေးချယ်ရာတွင် ဆင်းရဲ မွဲတေမှုသည် အခြေခံမူ ဖြစ်သည်။ ဖြည့်စွက်သော မူများမှာ
(၁) အလားသဏ္ဌာန်တူသော လုပ်ငန်းများအတွက် အခြား ထောက်ပံ့ငွေမရရှိမှု၊
(၂) မြို့နယ် ဒေသအာဏာပိုင်များ၏ စီမံကိန်းအပေါ်လိုလားမှု၊ အကောင်အထည်ဖော်နိုင်စွမ်းရှိမှု
(၃) မြို့နယ်၏ တည်ငြိမ်အေးချမ်းမှု၊
(၄) မြို့နယ်အတွင်း စီမံကိန်းကို လွယ်ကူစွာဝင်ရောက်ရေး၊ သွားရေးလာရေး အဆင်ပြေမှုတို့ ဖြစ်သည်။
စီမံကိန်း အကောင်အထည်ဖော်နေစဉ် အခြား ထောက်ပံ့မှုရင်းမြစ်များ ရရှိလာပါက ဆန်ခါတင် အဆင့်တွင်အမည်စာရင်း တင်သွင်းခံရသည့် မြို့နယ်များကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်သည်။ အခြားထောက်ပံ့မှုများ ထပ်မံ ရရှိမှုပေါ်မူတည်၍ လူထုဗဟိုပြုစီမံကိန်း/အစီအစဉ်ကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်၊ မြို့နယ်အသစ်များ ထပ်မံ တိုးတက်လာနိုင်ပါသည်။